THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


July 2017 Events


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကို မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် ဝါဆိုလဆန်း ၉ ရက် (တနင်္ဂနွေနေ့) ၂၀၁၇ ခုနှစ် ဇူလိုင် ၂ ရက် နံနက် ၉:၃၀ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ရေတာရှည်လမ်းဟောင်း အမှတ် (၂၄)ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက်၊ ဒုတိယနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဝိမလ အမှူးပြုသော ပင့်သံဃာတော်(၁၀)ပါးတို့ ကြွရောက် တော်မူကြပြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ဇနီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဆေးတက္ကသိုလ်များ၊ နှီးနွယ်တက္ကသိုလ်များ၊ ဆေးရုံကြီးများ၊ တိုင်းဦးစီးဌာနများ၊ အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရား ကန်တော့၍ဖွင့်လှစ်ပြီး၊ ခြောက်ထပ်ကြီး ဒုတိယနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြကာ ဆရာတော်များ ရွတ်ပွား သရဇ္စျာယ်တော်မူကြသည့် ပရိတ်တရားတော်များကိုနာယူပူဇော်ကြပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာနိုင်ငံဆေး ပညာရှင်အဖွဲ့ဥက္ကဌ ပါမောက္ခ ဒေါက်တာနေဝင်းကလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းကိုယ်စား မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာရဲမြကလည်းကောင်း၊ ဆေးသု တေသနဦးစီးဌာန ဝန်ထမ်းများလှူဒါန်းသော ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့် ကလည်းကောင်း ဆက်ကပ်လှူဒါန်းပါသည်။ ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ဇနီးဒေါက်တာသန္တာလဲ့၊ ကုသရေးဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီးဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီး ဌာနမှူး ဒေါက်တာဝင်းလွင်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဝင်းမြင့်ဦး နှင့် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ ဆေးတက္ကသိုလ်များ၊ နှီးနွယ်တက္ကသိုလ်များ၊ ဆေးရုံကြီးများ၊ တိုင်းဦးစီးဌာန များမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။ ယင်းနောက် နဝကမ္မအလှူတော် ငွေကျပ် သုံးသိန်းကို ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က ပေးအပ်လှူဒါန်းရာ ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော်က ကပ္ပိယကာရကအဖြစ် လက်ခံရယူပါသည်။ ဆက်လက်၍ ခြောက်ထပ်ကြီး ဒုတိယ နာယက ဆရာတော်ထံမှ အနုမောဒနာ တရားတော်ကို နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားအပြီးတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များအား ထောပတ်ထမင်းဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။



 


ဆေးသုတေသနဦးစီးဌာန(ရုံးချုပ် နှင့် ပြင်ဦးလွင်ရုံးခွဲ)တို့တွင် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားများကျင်းပခြင်း

ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၏ ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၇ ခုနှစ် ဇူလိုင် ၃ ရက်(၁၃၇၉ ခုနှစ် ဝါဆိုလဆန်း ၁၀ ရက်) နံနက် ၉:၃၀ နာရီတွင် ဗဟိုဇီဝဆေးပညာ စာကြည့်တိုက် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့နယ်၊ မဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ် ပဓာနနာယကဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်) အမှူးပြုသော ပင့်သံဃာတော်(၁၀)ပါးတို့ ကြွရောက်တော်မူကြပြီး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ ဂုဏ်ထူးဆောင်သုတေသနပညာရှင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာ အောင်သန်းဘတူအမှူးပြုသော အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၊ လူပုဂ္ဂိုလ်များအပေါ်သုတေသန စမ်းသပ် မှုဆိုင်ရာကျင့်ဝတ်ကော်မတီဥက္ကဌ ပါမောက္ခ ဒေါက်တာဖေသက်ခင်နှင့် အဖွဲ့ဝင်များ၊ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြပါသည်။ ရှေးဦးစွာ ဆရာတော် သံဃာတော်များ နှင့်ဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပါသည်။

ထို့နောက် ယောဆရာတော်ထံမှ ငါးပါးသီလခံယူပြီး ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္စျာယ်တော်မူကြပါသည်။ ထို့နောက် ယောဆရာတော်အမှူးပြုသော သံဃာတော်များအား ပါမောက္ခ ဒေါက်တာဖေသက်ခင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် ဇနီးဒေါက်တာသန္တာလဲ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်ပရိသတ်များက ဝါဆိုသင်္ကန်း ၂၉ စုံ၊ သင်္ကန်း ခြင်း ၇ ခြင်းနှင့် လှူဖွယ်ပစ္စည်း များကို ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်းကြပါသည်။ ဆက်လက်၍ ဓမ္မစာပေပြန့်ပွားရေး အလှူတော်ငွေ (၄၁၀၀၀၀)ကျပ်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်က ပေးအပ်လှူဒါန်းရာ ကပ္ပိယကာရကအဖြစ် ညွှန်ကြားရေးမှူး (အထွေထွေစီမံခန့်ခွဲရေး) ဒေါက်တာတင်ဦးက လက်ခံပါသည်။ ထို့နောက် ယောဆရာတော်ဘုရားကြီးက“ကိုယ့်ဟာကိုယ်၌ လူ့အသိုက် အမြိုက်နိဗ္ဗာန် ဦးတည်ပြု” တရားတော်မြတ်ကို ချီးမြှင့်ဟောကြားတော်မူပြီး၊ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်)မိသားစုနှင့် ဧည့်သည်များ က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရွှေမိုးငွေမိုးကြဲပက်ဖျန်း၍ ဧည့်ပရိသတ်များက “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားအပြီးတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များနှင့် ဝန်ထမ်းများ အား ဒံပေါက်ထမင်းဖြင့် ကျွေးမွေးဧည့်ခံပါသည်။

ထိုနည်းတူ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)၌ (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးဦးစီး၍ ၂၀၁၇ ခုနှစ် ဇူလိုင် ၃ ရက် နံနက် ၁၀:၀၀ နာရီတွင် ကျင်းပရာ ပြင်ဦးလွင်မြို့နယ်၊ ဒိုးပင်ဓမ္မရိပ်သာ ဆရာတော် ဦးရေဝတ အမှူးပြုသော ပင့်သံဃာတော် (၅)ပါး ကြွရောက်ချီးမြှင့်ခဲ့ပါသည်။ ရှေးဦးစွာ ဆရာတော်ကြီးက အနုမောဓနာ တရားဟောကြား ချီးမြှင့်တော်မူပြီး ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်တော်မူကြပါ သည်။ ထို့နောက် ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်း ၁၉ စုံနှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူ တော် ငွေ(၄၃၂၀၀၀) ကျပ်တို့ကို ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။



စင်္ကာပူသမ္မတနိုင်ငံ Waters Pacific Pte., မှ Regional Service Manager Royan Mukhtar လက်ခံတွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၅ ရက် နံနက် ၁၁:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်သည် မြန်မာနိုင်ငံ Advanced Diagnostic Products Trading Co., Ltd ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စင်္ကာပူသမ္မတနိုင်ငံ Waters Pacific Pte., မှ Regional Service Manager Royan Mukhtar နှင့် အဖွဲ့အား ဇီဝဆေးပညာ သုတေသနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာ ခင်စောအေး၊ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာသိင်္ဂီသွင်၊ ဆေးဝါးဗေဒသုတေသနဌာနခွဲမှ ဒေါက်တာ ခိုင်ခိုင်လွင်နှင့် သုတေသနမှူး ဒေါက်တာညီညီဝင်းတို့လည်း တက်ရောက်ကြပြီး တိုင်းရင်းဆေးသုတေသနနှင့် ပတ်သက်သည့် ဓာတ်ခွဲခန်းစက်ကိရိယာများအကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် Royan Mukhtar သည် ဆေးဝါးဗေဒသုတေသနဌာနခွဲရှိ Waters Pacific Pte., Ltd မှ မှာယူခဲ့သော အော်ဂဲနစ်ဒြပ်ပေါင်းများ၏ မော်လီကျူးအလေးဆနှင့် ဖွဲ့စည်းတည်ဆောက်ပုံကို တိုင်းတာပေးသော စက် (XeVo G2-XS QToF Quadrupole Time-of-Flight Mass Spectrometry) ကိုစစ်ဆေးကြည့်ရှပြီး စက်ကိုအသုံးပြုတိုင်းတာနိုင် ရန်လိုအပ်သောအချက်အလက်များနှင့် သက်ဆိုင်ရာ Application Chemist မှလာရောက် သင်ကြားပေးနိုင် ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။



 


မြန်မာနိုင်ငံဆရာဝန်များအသင်း(ရောဂါဗေဒ)မှကြီးမှူးကျင်းပသောရောဂါဗေဒဆိုင်ရာအစည်းအဝေးကျင်းပခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၆ ရက် နံနက် ၉:၃၀ နာရီတွင် မြန်မာနိုင်ငံဆရာဝန်များအသင်း (ရောဂါဗေဒ) မှ ကြီးမှူးကျင်းပသော ရောဂါဗေဒဆိုင်ရာအစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူး သုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ကျင်းပပြုလုပ်ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်တက်ရောက်၍ ဂုဏ်ပြု အမှာစကားပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသော ရောဂါဗေဒ ပညာရှင်ဆရာကြီး/ ဆရာမကြီးများနှင့် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် ဆေးသုတေသန ဦးစီးဌာနမှ သုတေသနအရာရှိ ဒေါက်တာနန်းချိုနွယ်မွန်က ဂျပန်နိုင်ငံ အိုကာယာမတက္ကသိုလ် တွင် Cytopathology Training နှင့် ပတ်သက်ပြီး သွားရောက်လေ့လာသင်ကြားခဲ့မှုကို ပြန်လည်ရှင်းလင်း တင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ ထို့နောက် GSK ကုမ္ပဏီမှတာဝန် ရှိသူတစ်ဦးက Corvarix Vaccine အကြောင်းကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ရောဂါဗေဒ ပညာရှင်ကြီးများမှ Histopathology Slide Discussion ကိုပြုလုပ်ရာ Case တစ်ခုချင်းစီအလိုက် ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြပြီး အခမ်းအနားကို နေ့လည် ၁၂:၀၀ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ အဆိုပါအခမ်းအနား သို့ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။


ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပပြုလုပ်ခြင်း “Equipment and its Qualification” & “Urine for Routine Examination”

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက်အကူပြု ဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ်(Knowledge Sharing Program) အရ ပညာရပ်ဆိုင်ရာ ဟောပြောပွဲအခမ်းအနား ကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)၌ ၂၀၁၇ ခုနှစ် ဇူလိုင် ၆ ရက် နေ့လည် ၁:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါအခမ်းအနားတွင် ဓါတ်ခွဲခန်းတိရစ္ဆာန်မွေးမြူရေးဌာနခွဲမှ သုတေသနမှူး ဒေါ်စန္ဒာလင်းက သဘာပတိအဖြစ်လည်းကောင်း၊ ဆေးဝါးဗေဒသုတေသနဌာနခွဲမှ သုတေသန လက်ထောက်(၂) ဒေါ်ဆွေဇင်အောင်က အခမ်းအနားမှူးအဖြစ်လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ကိရိယာပြုပြင် ထိန်းသိမ်းရေး ဌာနခွဲမှ သုတေသနအရာရှိ ဒေါ်စန္ဒာအောင်က “Equipment and its Qualification” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပစ္စည်းဝယ်ယူရေးနှင့် သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲမှ ပစ္စည်းထိန်း(၁) ဒေါ်တင်မိုးခိုင်က “Urine for Routine Examination” ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြခဲ့ရာ တက်ရောက်လာသူဝန်ထမ်းများက သိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာပညာရှင်များမှလည်း ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။

အထက်ပါဟောပြောပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)/ကျွမ်းကျင်သူ ဒေါက်တာခင်လင်းနှင့် ညွှန်ကြားရေးမှူးအဖွဲ့ဝင်များအပါအဝင် ဝန်ထမ်း (၈၇) ဦးတက်ရောက်ခဲ့ကြပါသည်။


Southeast Asia Breast Cancer Symposium (2017) အတွက် အဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၆ ရက် မွန်းလွဲ ၁:၃၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသု တေသနဦးစီးဌာနနှင့် ရွှေရောင်နှင်းဆီ(မြန်မာ)တို့ပူးပေါင်းစီစဉ်သော Southeast Asia Breast Cancer Symposium (2017) ကျင်းပရန် အဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန ဇီဝဆေး ပညာသုတေသနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေး၊ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာမို့မို့ထွန်းနှင့် သုတေသီ ပညာရှင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်များ၊ ဆေးရုံများမှတာဝန်ရှိသူများ၊ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေရှင်းဥက္ကဌ ပါမောက္ခ ဒေါက်တာရင်ရင်ထွန်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ကင်ဆာဆေးပညာရှင် အဖွဲ့မှ အမှုဆောင်များ၊ ဆေးကုမ္ပဏီများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒေါက်တာမျိုးခင် ခေတ္တညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဆေးသုတေသနဦးစီးဌာန၊ အမှုဆောင် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေရှင်းက အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေရှင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာရင်ရင်ထွန်းက ၂၀၁၇ ခုနှစ် ဇူလိုင် ၁၄ ရက် (သောကြာနေ့)၌ ဆေးသုတေသနဦးစီး ဌာနတွင် ကျင်းပပြုလုပ်မည့် Southeast Asia Breast Cancer Symposium (2017) Pre-Symposium Workshop နှင့် ပတ်သက်၍ ကျင်းပမည့်အစီအစဉ်၊ Registration အတွက် လိုအပ်မည့်အကြောင်းအရာများ၊ ဖိတ်ကြားမည့်သူများစာရင်း၊ အကျွေးအမွေး၊ Work Groups များကျင်းပမည့်နေရာနှင့် လိုအပ်ချက်များ၊ ဧည့်လမ်းညွှန်များ ရွေးချယ်ထားရှိမှု အခြေအနေတို့နှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါသည်။ ဆက်လက်၍ Rose Garden Hotel တွင်ကျင်းပမည့် Symposium Day 1, Day 2 အစီအစဉ်များကို ညှိနှိုင်း ကြပြီး အစည်းအဝေးကို ညနေ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


နှစ်ဖက်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက် နံနက် ၈:၄၅ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက် ရှိ ဆေးသုတေသနဦးစီးဌာန၊ အမျိုးသား ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်နှင့်ဆွစ်ဇာလန်နိုင်ငံ Foundation for Innovative and New Diagnostics တို့၏ Malaria RDT Lot Testing နှင့် ပတ်သက်၍ နှစ်ဖက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို ဆေးသုတေသနဦးစီးဌာန ဇီဝဆေးပညာသုတေသနအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့် တက် ရောက်၍ အမှာစကားပြောကြားပါသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲသို့ ဆေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(သုတေသန)ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာ ခင်စောအေးနှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ သုတေသီများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အမျိုးသား ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်း၊ FIND မှ Chief Access Officer, Dr. Zachary Katz နှင့် Senior Advisor ဒေါက်တာဒေါ်တီတီတို့လည်း တက်ရောက်ကြပါသည်။ ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းနှင့် Dr. Zachary Katz, Chief Access Officer တို့သည် နှစ်ဖက်နားလည်မှုစာချွန်လွှာအား အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။


ဂျပန်နိုင်ငံ Yakult Honsha Co., Ltd မှ Deputy Manager Mr. Naoyuki YOSIDA နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၁၂ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် ဂျပန်နိုင်ငံ Yakult Honsha Co. Ltd., မှ Mr. Naoyuki YOSIDA ဦးဆောင်သောအဖွဲ့သည်Yakult Fermented Milk ထုတ်လုပ်သည့်ကိစ္စနှင့် ပတ်သက်၍ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူအား ဇီဝဆေးပညာ သုတေသနအစည်အဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာသိင်္ဂီသွင်၊ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာမို့မို့ထွန်းနှင့် သက်ဆိုင်ရာသုတေသနဌာနခွဲများမှ ဒုတိယညွှန်ကြားရေးမှူးများလည်း တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ Manager Hideyuki SHIBATA က Yukult Honsha သုတေသနစင်တာနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ Gut Flora များအကြောင်း ပြည်သူများ သိရှိရန်ကိစ္စ၊ Yakult Honsha Co. ၏ ထုတ်ကုန်များအကြောင်းကို ပညာရှင်များ၊ ရောင်းဝယ်စားသုံးမည့်သူများသိရှိအောင် မည်သည့်ပုံစံဖြင့် ပြုလုပ် သင့်သည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။


ထိုင်းနိုင်ငံ Patkol Public Company Limited မှ ဆေးဝါးထုတ်လုပ်ရေး စက်ပစ္စည်းများအကြောင်းမိတ်ဆက်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၁၃ ရက် နံနက် ၁၀:၀၀ နာရီအချိန်တွင် ထိုင်းနိုင်ငံ Patkol Public Company Limited မှ ဆေးဝါးထုတ်လုပ်ရေးစက်ပစ္စည်းများအကြောင်း မိတ်ဆက်ပွဲအခမ်းအနားကို ဆေးသုတေသနဦးစီး ဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)/ကျွမ်း ကျင်သူ ဒေါက်တာခင်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ထိုင်းနိုင်ငံ Patkol Public Company Limited မှပညာရှင် Mr. Nattapon Noisang (Thailand Engineer) နှင့် Project Coordinator ဦးသန့်ထူးတို့က ၄င်းတို့ Company Limited မှ ဆောင်ရွက်ပြီးစီးခဲ့သော Projectများ၊ ဆေးဝါးထုတ်လုပ် ရေးစက်ပစ္စည်းများ၊ ဆောက်လုပ်ခဲ့သည့် စက်ရုံအဆောက်အဦများအား Video ဖြင့်တင်ပြကြပြီး တက်ရောက် လာကြသည့် ဝန်ထမ်းများကသိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပါသည်။ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီးအခမ်းအနားကို နံနက် ၁၁:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)/ကျွမ်းကျင်သူ ဒေါက်တာခင်လင်း ဦးဆောင်၍ အရာထမ်း၊ အမှုထမ်းများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။


International Olympic Committee (IOC) မှ Professor Ronald J. Maughan အားလက်ခံတွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်သည် International Olympic Committee (IOC) မှ Professor Ronald J. Maughan, Emeritus Professor of Sport and Exercise Nutrition, Loughborough University အား ဇီဝဆေးပညာ သုတေသနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာရဲတင့်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာသိင်္ဂီသွင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (အာဟာရ) ဒေါက်တာမေခင်သန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး(ငြိမ်း) ဒေါက်တာမြလေးစိန်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမို့မို့လှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်မိမိလေးတို့ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်(ငြိမ်း)ဒေါက်တာရဲတင့်လွင်က Research on Myanmar Athletes Conducted by Department of Medical Research အကြောင်းကို ရှင်းလင်းတင်ပြပါသည်။ ထိုနောက် ဧည့်သည် Professor Ron J. Maughan က Sports Nutrition နှင့် Sports Medicine အကြောင်းတို့ကို ဆွေးနွေးတင်ပြကြရာ တက်ရောက် လာသူများက စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။


Southeast Asia Breast Cancer Symposium (2017)၊ Pre-Symposium Workshop on Comprehensive Breast Cancer Care for Woman in Southeast Asia Region အခမ်းအနားကျင်းပခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၁၄ ရက် နံနက် ၈:၃၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရွှေရောင် နှင်းဆီ(မြန်မာ)တို့ပူးပေါင်းစီစဉ်သော Southeast Asia Breast Cancer Symposium (2017)၊ Pre- Symposium Workshop on Comprehensive Breast Cancer Care for Woman in Southeast Asia Region အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့် မော်လီကျူးသုတေသနဌာန အစည်းအဝေးခန်းမ (၂) ၌ကျင်းပပြုလုပ်ရာ ဆေးသုတေသန ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပါသည်။

ထို့နောက် Dr. Sue Henshall Special Advisor to the CEO of the Union for International Cancer Control နှင့် Dr. Cheng-Har Yip, Professor Emeritus, University of Malaya, Kuala Lumpur, President, Breast Surgery International တို့က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း Myanmar Oncology Society ဥက္ကဌ ပါမောက္ခ ဒေါက်တာ စိုးအောင်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း ဥက္ကဌ ပါမောက္ခဒေါက်တာရင်ရင်ထွန်းက အလုပ်ရုံဆွေးနွေးပွဲ ဦးစီးဦးရွက်ပြုမှုနှင့် ပတ်သက်၍ အမှာစကားပြောကြာပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထိုနောက်အုပ်စုရှစ်စုခွဲ၍ Group Work များကိုကျင်းပရာ Public Health Specialists (Group 1) များက Prevention, Cancer Registry၊ Radiologists (Group 2) များက Early Detection၊ Pathologists (Group 3) များက Pathological Diagnosis၊ Surgeons (Group 4) များက Surgical Treatment၊ Medical Oncologists (Group 5) များက Medical Treatment၊ Radiation Oncologists (Group 6) များက Radiation Treatment၊ Palliative Care & Rehabilitation Specialists (Group 7) များက Palliative၊ Patient Support Groups (Group 8) များက Patient Support များအကြောင်းကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ထို့နောက် Group Work Presentation Discussion ကိုဆက်လက်ပြုလုပ်ရာ သက်ဆိုင်ရာအုပ်စုကိုယ်စားလှယ်များက Challenges, Opportunities Suggestions, Research Needs တို့ကိုတင်ပြကြရာ တက်ရောက် လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ အကောင်းဆုံး ပိုစတာဆုရရှိသူများစာရင်းကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကျော်ဇင်သန့်က ဖွင့်ဖောက်ကြေညာပြီး အခမ်းအနားကို ညနေ ၃:၀၀ နာရီတွင် ရုပ်သိမ်းလိုက် ပါသည်။ ယခုကျင်းပသည့် Pre-Symposium Workshop အခမ်းအနားသို့ ပြည်တွင်းပြည်ပမှ စုစုပေါင်း (၃ဝဝ) ဦး တက်ရောက်ခဲ့ကြပါသည်။


အမေရိကန်ပြည်ထောင်စု NIAID/ NIH/ DHHS/ DMID မှ Dr. Malla Rao အားလက်ခံတွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၁၇ ရက် နံနက် ၁၀:၀၀ နာရီတွင် အမေရိကန်ပြည်ထောင်စု NIAID/ NIH/ DHHS/ DMID မှ Dr. Malla Rao, Deputy Branch Chief, Parasitology and International Programs သည် International Centre of Excellence for Malaria Research (ICEMR) နှင့် ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ရန် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူအား လူမှုဆေးပညာ သုတေသန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုကဲ့သို့ တွေ့ဆုံရာတွင် ဗိုလ်မှူးချုပ်တင်မောင်လှိုင်၊ တပ်မှူး၊ တပ်မတော်ဆေးသုတေသနတပ်၊ ဒေါက်တာကေသွယ်ဟန်၊ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး ကပ်ပါးပိုးဗေဒသုတေသနဌာနခွဲ ဆေးသုတေသနဦးစီးဌာန၊ အမေရိကန် ပြည်ထောင်စု University of Maryland School of Medicine, Institute for Global Health မှ Professor Christopher V. Plowe၊ တွဲဖက်ပါမောက္ခ ဒေါက်တာမြိုင်မြိုင်ညွန့်နှင့် Scientific Program Coordinator ဒေါက်တာပိုးပိုးအောင်တို့လည်း တက်ရောက်ကြ၍ Myanmar International Centre of Excellence for Malaria Research နှင့် ပတ်သက်ပြီး NIH (National Institute of Health) က အသိအမှတ်ပြုခံရခြင်းကိစ္စ၊ ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် NIH မှ အခြားရန်ပုံငွေရရှိနိုင်သည့်အခွင့်အလမ်းများ၊ သင်တန်းများအတွက် ဆွေးနွေးခဲ့ကြပါသည်။


ဗြိတိန်နိုင်ငံ Randox Laboratories Ltd., မှ Damian Milligan, Business Development Manager Asia အားလက်ခံတွေ့ဆုံခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၁၇ ရက် ညနေ ၃:၂၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် (သုတေသန)ဒေါက်တာလှိုင်မြတ်သူသည် Myanmar Zircon Co. Ltd. နှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော ဗြိတိန်နိုင်ငံRandox Laboratories Ltd., မှ Damian Milligan, Business Development Manager Asia အားလူမှုဆေးပညာ သုတေသနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ညွှန်ကြား ရေးမှူး(သုတေသန) ဒေါက်တာဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူး(သုတေသန) ဒေါက်တာဝါဝါအောင်၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာသုတေသီများ၊ Myanmar Zircon Co. Ltd. မှ Sale Manager ဦးရဲသီဟကျော်နှင့် ဝန်ထမ်းများလည်း တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် Damian Milligan က Randox Biosciences, Randox Biochip Array Technology, Molecular Product Range အကြောင်း များကို အကျဉ်းချုပ်ရှင်းလင်းတင်ပြသွားပါသည်။


ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပပြုလုပ်ခြင်း “Calibration and Maintenance of Laboratory Equipment”& “Blood Donation and Storage of Blood”

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက်အကူပြုဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ် (Knowledge Sharing Program) အရပညာရပ်ဆိုင်ရာဟောပြောပွဲအခမ်းအနား ကို ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကပ်ပါးပိုးဗေဒသုတေသနဌာနခွဲမှ သုတေသနမှူး ဒေါ်ဖြူဖြူဝင်းက သဘာပတိအဖြစ်လည်းကောင်း၊ ရောဂါဗေဒသုတေသနဌာနခွဲမှ သုတေသန လက်ထောက်(၂) ဒေါ်ဟောင်းနောက အခမ်းအနားမှူးအဖြစ်လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ဇီဝဓါတုဗေဒသုတေသနဌာနခွဲမှ သုတေသနအရာရှိ ဒေါက်တာအေးမင်းမော်က “Calibration and Maintenance of Laboratory Equipment” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇီဝဓါတုဗေဒ သုတေသနဌာနခွဲမှ သုတေသနလက်ထောက်(၂) ဒေါ်ကြည်စန်းက “Blood Donation and Storage of Blood” ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြကြရာ တက်ရောက်လာသူဝန်ထမ်းများက သိလိုသည်များကို စိတ်ဝင်စားစွာမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာပညာရှင်များ ကလည်း ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ဟောပြောပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)/ကျွမ်းကျင်သူ ဒေါက်တာခင်လင်းနှင့် ဝန်ထမ်း (၇၂) ဦးတက်ရောက်ခဲ့ကြပါသည်။


ကိုရီးယားသမ္မတနိုင်ငံ KOICA မှ Project Evaluation Team လာရောက်ခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁:၄၅ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ KOICA ရုံးချုပ်မှ Mr. Sangwoo Tak ဦးဆောင်သော KOICA Project Evaluation Team သည် KOICA အထောက်အပံ့ဖြင့် ဆောင်ရွက်ထားသော အဆင့်မြင့်မော်လီကျုးသုတေသနဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို လေ့လာ အကဲဖြတ်ရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်ဖြင့် ဆေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါက်တာ ဇော်မြင့်နှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ သုတေသီများအား အဆင့်မြင့်မော်လီကျုးသုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် KOICA Myanmar Office မှ Senior Deputy Representative Mr. Moon Sang Won၊ KOICA Project Evaluation Team မှအဖွဲ့ဝင် များဖြစ်သော Ms. Jeyoun Jang, Ms. Hongsang Oh, Ms. Sukyung Kin တို့လည်းတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(သုတေသန) ဒေါက်တာခင်စောအေးက မိတ်ဆက်အမှာစကား ပြောကြားပြီး၊ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝါဝါအောင်က KOICA's Grant Aid Project ဖြင့်ဆောင်ရွက်ခဲ့သည့် Establishment of Laboratory for Research on Communicable Diseases နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဧည့်သည်အဖွဲ့က သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါ သည်။

ထို့နောက် ဧည့်သည်အဖွဲ့သည် အဆင့်မြင့်မော်လီကျူးသုတေသနဌာန(AMRC)ရှိ IT Training Room, Bio Safety Level (BSL) 2 plus ဓာတ်ခွဲခန်း၊ Molecular Laboratory တွင် သုတေသနဆောင်ရွက်နေမှု များနှင့် Air Handling Unit Control Room တို့ကိုလှည့်လည်ကြည့်ရှုပြီး(2011-2014) ELRCD Project ၏ Post Project Evaluation အတွက် သိလိုသည်များကို တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့ကြပါသည်။


သုတေသနအဆိုပြုလွှာ စိစစ်ရွေးချယ်ရေးကော်မတီ (Protocol Review Committee) (၂/၂၀၁၇) အစည်းအဝေးအား Video Conferencing ဖြင့်ကျင်းပပြုလုပ်ခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၂၆ ရက် နံနက် ၁၀:၃၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ)၏ သုတေသနအဆိုပြုလွှာစိစစ်ရွေးချယ်ရေးကော်မတီ (Protocol Review Committee)(၂/၂၀၁၇) အစည်းအဝေး ကို ဆေးသုတေသန ဦးစီးဌာန(ရန်ကုန်ရုံးချုပ်)နှင့် (ပြင်ဦးလွင်ရုံးခွဲ)တို့အကြား Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်)မှ လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှု ဆိုင်ရာ ကျင့်ဝတ်ကော်မတီအဖွဲ့ဝင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)/ပညာရှင် ဒေါက်တာဝင်းအောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)/ ကျွမ်းကျင်သူ ဒေါက်တာခင်လင်း၊ ဖိတ်ကြားထားသည့် ဌာနခွဲမှူးများနှင့် အဆိုပြုလွှာတင်သွင်းကြသည့် သုတေသီများ/ တွဲဖက်သုတေသီများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြင်ဦးလွင်ရုံးခွဲမှ သုတေသီ (၆)ဦးက သက်ဆိုင်ရာသုတေသနအဆိုပြုလွှာများကို တင်သွင်းဖတ်ကြားကြပြီး သုတေသနအဆိုပြုလွှာ စိစစ် ရွေးချယ်ရေးကော်မတီအဖွဲ့က ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


Debrief 1st Site Visit Advance Molecular Research Centre, Department of Medical Research

၂၀၁၇ ခုနှစ် ဇူလိုင် ၂၈ ရက် နံနက် ၁၁:၃၀ နာရီတွင် အဆင့်မြင့်မော်လီကျုးသုတေသနဌာန အစည်း အဝေးခန်းမ(၂)၌ ကိုရီးယားသမ္မတနိုင်ငံ KOICA ရုံးချုပ်မှ Mr. Sangwoo Tak ဦးဆောင်သော KOICA Project Evaluation Team သည် Debrief 1st Site Visit –Advance Molecular Research Centre, Department of Medical Research နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဆေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သုတေသန)ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာ ခင်စောအေး၊ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာဝါဝါအောင်နှင့် အဆင့်မြင့် မော်လီကျုးသုတေသနဌာနမှ သုတေသီများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာ လှိုင်မြတ်သူက ဧည့်သည်အဖွဲ့ခေါင်းဆောင် Mr. Sangwoo Tak အား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ပြီး စုပေါင်း ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။


DLI Verification: Oversight Committee Meeting ကျင်းပခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ဇီဝဆေးပညာသုတေသန အစည်းအဝေးခန်းမ၌ DLI Verification: Oversight Committee Meeting ကိုကျင်းပပြုလုပ်ရာ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ တက်ရောက်၍ အမှာစကားပြောကြားပါသည်။ ထို့နောက် World Bank Myanmar မှ ဒေါက်တာနှင်းနှင်းပိုင်က EHASP Project နှင့်ပတ်သက်၍ မိတ်ဆက် အမှာစကားပြောကြားပါသည်။ ဆက်လက်၍ DLI Verification Oversight Committee ၏ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အတွေ့အကြုံများကို အဖွဲ့ဝင် ဒေါက်တာနီလာတင်က ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပါသည်။ ထို့နောက် Verification Team Member ဒေါက်တာမျိုးမျိုးမွန်က Disbursement Linked Indicators (DLI) Verification: Year 2 နှင့် ပတ်သက်၍ လက်တွေ့လုပ်ဆောင်ချက်များ၊ တိုးတက်မှုများ၊ လိုအပ်ချက်များကိုတင်ပြပြီး ပြင်ဆင်ဖြည့်စွက် ချက်များရှိပါက အကြံပြုဆွေးနွေးကြရန်ဖိတ်ခေါ်ပါသည်။ အဆိုပါအစည်းအဝေးသို့ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာခင်စောအေးနှင့် ညွှန်ကြားရေးမှူးများ၊ DLI Verification Team အဖွဲ့ဝင်များ၊ Oversight Committee ဥက္ကဌ ဒေါက်တာတင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) တိုင်းရင်းဆေးပညာဦးစီးဌာန ဦးဆောင် သောအဖွဲ့ဝင်များ၊ World Bank Myanmar မှ ဒေါက်တာနှင်းနှင်းပိုင် ဦးဆောင်သောအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။


ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

၂၀၁၇ ခုနှစ် ဇူလိုင် ၃ဝ ရက် နံနက် ၉:ဝဝ နာရီတွင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အသည်း ဖောင်ဒေးရှင်းတို့ ဦးဆောင်ကျင်းပသည့် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ်(ပင်မ)ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကိုယ်စား ဆေးသု တေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့် တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားအား အသည်းဖောင်ဒေးရှင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် အသည်းဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာခင်ပြုံးကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost ကိုယ်စား Dr. Mohammad Shahjahan က အမှာစကားပြောကြားပါသည်။ ဆက်လက်၍ World Hepatitis Alliance President, Mr. Charles Gore ၏သဝဏ်လွှာကို အသည်းဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာဝင်းဝင်းဆွေက ဖတ်ကြားပါသည်။ ထို့နောက် အသည်းဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌဒေါက်တာတင်ညွန့်က အသည်းဖောင်ဒေးရှင်း စတင်ဖွဲ့စည်းသည်မှ လက်ရှိအချိန်ထိ တိုးတက်မှုအဆင့်ဆင့် ကို Power Point ဖြင့် ရှင်းလင်းပြောကြားပြီး၊ အခမ်းအနားကို အဓိကပံ့ပိုးပေးသော Gilead Sciences Ins ၏ “Gilead's Access Program” အကြောင်းကို Video Clip ဖြင့် ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ အနုပညာရှင်များကအသည်းရောင်ရောဂါပပျောက်ရေး (Eliminate Hepatitis) ပညာပေးသရုပ်ဖော်တင်ဆက် ကြရာ အသည်းဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ သံစစ်ကုသိုလ်ဖြစ် ဆေးခန်းတွင် ပညာအား/လုပ်အားဖြင့် ပါဝင်ကူညီပေးခဲ့ကြသော အသည်းအထူးကု ဆရာဝန်ကြီးများအဖွဲ့အား အသည်းဖောင်ဒေးရှင်းဦးဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဒေါက်တာကျော်မင်းက ကျေးဇူး တင်ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ပါသည်။ ထို့နောက် အသည်းဖောင်ဒေးရှင်းသို့ ငါးသိန်းနှင့်အထက် လှူဒါန်းသော အလှူရှင်များအား အမှုဆောင်များက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အသည်း ဖောင်ဒေးရှင်းဦးဆောင်အဖွဲ့ဝင် ဦးဇေသီဟက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားအပြီးတွင် တက်ရောက် လာသူများ စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ ကြပါသည်။ ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်နှင့် အသည်း ဖောင်ဒေးရှင်းဦးဆောင်အဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်း ကုမ္ပဏီပြခန်းများအား လိုက်လံကြည့်ရှုကြပါသည်။ အခမ်းအနား တက်ရောက်လာသူများအား အကျွေးအမွေးဖြင့်ဧည့်ခံ၍ သွေးစစ်ပေးခြင်း၊ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။