THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF HEALTH AND SPORTS

DEPARTMENT OF MEDICAL RESEARCH

News in Brief


March 2018 Events


မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၏“Symposium on Strengthening of Infection Control Practice in Myanmar” အခမ်းအနားကျင်းပခြင်း

၂၀၁၈ ခုနှစ် မတ် ၃ ရက် နံနက် ၈:၃၀ နာရီတွင် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့မှ ကျင်းပပြုလုပ်သည့် Symposium on “Strengthening of Hospital Infection Control Practice in Myanmar” ဖွင့်ပွဲ အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန အဆင့်မြင့် မော်လီကျူး သုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကိုယ်စား အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လက်အောက်ရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့်UNICEF မှ ဧည့်သည်တော်များ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ပညာရှင်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနား အပြီးတွင် အမြဲတမ်းအတွင်းဝန်နှင့် ဧည့်သည်တော်များစုပေါင်း၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက်ဟောပြောပွဲကိုစတင်ရာ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေဝင်းတို့က သဘာပတိများအဖြစ်ဆောင်ရွက်ပါသည်။ ရှေးဦးစွာ သဘာပတိ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားပြီး ပါမောက္ခဒေါက်တာဇော်လင်းအောင် ပါမောက္ခ/ဌာနမှူး(ဆေးပညာဌာန) ဆေးတက္ကသိုလ်(၁)ရန်ကုန်က “General Principles of Infection Control Practice” ကိုလည်းကောင်း၊ ဒေါက်တာမျိုးလွင်ငြိမ်း ပါမောက္ခ/ဌာနမှူး(ဆေးပညာဌာန) ဆေးတက္ကသိုလ်(၂) ရန်ကုန်က “Hospital Infection Control Practice (Physicians Perspectives)” ကို လည်းကောင်း၊ ဒေါက်တာအေးမွန် ပါမောက္ခ/ဌာနမှူး(ခွဲစိတ်ကုသပညာဌာန) ဆေးတက္ကသိုလ်(၁)က “Hospital Infection Control Practice (Surgeons’ Perspectives)” ကိုလည်းကောင်း၊ ပါမောက္ခဒေါက်တာဌေး ဌေးတင် ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)က “Hospital Infection Control Practice (Laboratory Perspectives)” ကိုလည်းကောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုးက “Hospital Infection Control Practice (Medical Superintendents’ Perspectives)” ကိုလည်းကောင်း ရှုထောင့်အသီးသီးမှ တင်ပြသွားကြပါသည်။ ထို့အပြင် ပြည်ပကျွမ်းကျင်ပညာရှင် Mr. Arthit Limpaisarn, Chief of Property Development, BDMS, Bangkok Hospital Group, Thailand ကလည်း “Hospital Infection Control Practice”ကို ဆေးရုံဖွဲ့စည်းတည်ဆောက်ပုံရှုထောင့် (Hospital Engineers’ Perspectives) မှတင်ပြဆွေးနွေးသွားပါသည်။ ထို့နောက် တက်ရောက်လာကြသူများက အကြောင်းအရာ အချက်အလက် အစုံအလင်ကို ဆက်စပ်ခြုံငုံသုံးသပ် ဆွေးနွေးအကြံပြုကြကာ သဘာပတိ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ပါမောက္ခ ဒေါက်တာနေဝင်းတို့က နိဂုံးချုပ်အမှာ စကားပြောကြားပြီး တင်ပြဆွေးနွေးကြသည့်ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို နေ့လယ် ၁၂:၅၀ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။



သြစတြေးလျနိုင်ငံ World Mosquito Program မှ Dr. Peter Ryan အားလက်ခံတွေ့ဆုံခြင်း

၂၀၁၈ ခုနှစ် မတ် ၅ ရက် နံနက် ၁၀:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်သည် သြစတြေးလျနိုင်ငံ Monash University မှ Dr. Peter Ryan (Director Business Development) World Mosquito Program အား ဇီဝဆေးပညာသုတေသန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန)များဖြစ်ကြသော ဒေါက်တာလှိုင်မြတ်သူနှင့် ဒေါက်တာခင်စောအေး၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာဝေလိုဘီထွန်းလင်း၊ ညွှန်ကြားရေးမှူး(ငြိမ်း/ကျွမ်းကျင်) ဒေါက်တာခင်သက်ဝေနှင့် ညွှန်ကြားရေး မှူးများ၊ ဆေးဘက်ဆိုင်ရာကိမိလဗေဒသုတေသနဌာနခွဲ(ရုံးချုပ်)နှင့်(ပြင်ဦးလွင်)မှ သုတေသီပညာရှင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရောဂါမျိုးသယ် ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်သောရောဂါများ နှိမ်နင်းရေး(ရပကန)ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်တို့လည်း တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာကျော်ဇင်သန့်က ဆေးသုတေသနဦးစီးဌာန၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆောင်ရွက်လျက် ရှိသည့် သုတေသနလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပါသည်။ ထိုနောက် တက်ရောက်လာကြ သူများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး Wolbachia (Bacteria) အသုံးပြု၍ သွေးလွန်တုပ်ကွေး ရောဂါသယ်ဆောင်သည့် ခြင်နှိမ်နင်းရေးနည်းလမ်းတစ်ရပ် ပါဝင်ဆောင်ရွက်နိုင်ရေး သုတေသနလုပ်ငန်းနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် Dr. Peter Ryan သည် ဆေးဘက်ဆိုင်ရာကိမိလဗေဒ သုတေသနဌာနခွဲသို့ သွားရောက်၍လေ့လာခဲ့ပါသည်။


သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း “World Mosquito Program” & “Dengue in Yangon Region 2017”

၂၀၁၈ ခုနှစ် မတ် ၅ ရက် မွန်းလွဲ ၂:၀၀ နာရီတွင် သုတေသနပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာစာကြည့်တိုက် အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သဘာပတိအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် (သုတေသန) ဒေါက်တာလှိုင်မြတ်သူက ဆောင်ရွက်ပြီး အမှာစကားပြောကြားပါသည်။ ထို့နောက် သြစတြေးလျနိုင်ငံ Monash University မှDr. Peter Ryan (Director Business Development), World Mosquito Program က “World Mosquito Program” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်သောရောဂါ များနှိမ်နင်းရေး(ရပကန) ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က “Dengue in Yangon Region 2017” ကိုလည်းကောင်း အသီးသီးဟောပြောတင်ပြကြရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ဆွေးနွေး မေးမြန်း ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သုတေသီများ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြပါသည်။



International Training on Human Participant Protection and Surveying and Evaluating Ethical Review Practices

၂၀၁၈ ခုနှစ် မတ် ၆ ရက် နံနက် ၉:၀၀ နာရီတွင် ဆေးသုတေသနဦးစီးဌာန လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာကျင့်ဝတ်ကော်မတီ(ERC)နှင့် Forum for Ethical Review Committee in Asia & the Western Pacific (FERCAP) တို့ပူးတွဲပြုလုပ်သော International Training on Human Participant Protection and Surveying and Evaluating Ethical Review Practices အခမ်းအနားကို ဆေးသုတေသနဦးစီးဌာန ဗဟိုဇီဝဆေးပညာစာကြည့်တိုက် အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဖေသက်ခင် တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆေးသုတေသနဦးစီးဌာန လူပုဂ္ဂိုလ်များအပေါ်သုတေသန စမ်းသပ်မှုဆိုင်ရာကျင့်ဝတ်ကော်မတီ(ERC) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ Forum for Ethical Review Committee in Asia & the Western Pacific (FERCAP) မှ Coordinator, Dr. Christina E. Torres, Strategic Initiative for Development Capacity in Ethical Review(SIDCER) မှ Coordinator, Prof. Juntra Karbwang Laothavorn နှင့် Dr. Supatra Porasuphatana၊ သင်တန်းသားများ၊ လေ့လာသူများအပါအဝင် စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အခမ်းအနားတက်ရောက်လာသူများ စုပေါင်း၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် မတ် ၆ ရက်မှ ၉ ရက်နေ့အထိ ၄ ရက်တာသင်တန်းကိုစတင်ရာ ဆေးသုတေသနဦးစီးဌာန လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီ (ERC) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ FERCAP မှ Surveyors များက သင်တန်းသားများအား သိသင့်သိထိုက်သည်များကို သင်ကြားပို့ချခဲ့ကြပါသည်။ ထို့နောက် FERCAP မှ Surveyors များက သင်တန်းသားများနှင့်အတူ ဆေးသုတေသနဦးစီးဌာန Ethics Review Committee ၏ မှတ်တမ်းမှတ်ရာများအား ကြည့်ရှု စစ်ဆေးခြင်း၊ လုပ်ထုံးလုပ်နည်းများအား ပြန်လှန်သုံးသပ် ဆွေးနွေးခြင်း၊ အစည်းအဝေးတစ်ခုအား ကိုယ်တိုင်ပါဝင်ကြည့်ရှုခြင်းနှင့် ERC ၏ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်အချို့နှင့် တစ်ဦးချင်း တွေ့ဆုံမေးမြန်းခြင်း တို့အား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် တွေ့ရှိချက်များ အပေါ်မူတည်၍ ERC ၏ ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များတွင် ပိုမိုကောင်းမွန်လာစေရန် လိုအပ်သော အကြံပြုချက်များကို ပြောကြားပြီး သင်တန်းအစီအစဉ်အား နိဂုံးချုပ်လိုက်ပါသည်။



ဌာနတွင်းပညာရပ်ဆိုင်ရာဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း “How to Apply WHO Internship Programme”& “Complete Blood Picture”

သုတေသနစွမ်းအားမြှင့်တင်ခြင်း(Research Capacity Strengthening) အထောက်အကူပြုဌာနတွင်း ဗဟုသုတမျှဝေခြင်းအစီအစဉ် (Knowledge Sharing Program) အရ ပညာရပ်ဆိုင်ရာဟောပြောပွဲ အခမ်း အနားကို ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) အစည်းအဝေးခန်းမ(၁)တွင် ၂၀၁၈ ခုနှစ် မတ် ၈ ရက် မွန်းလွဲ ၁:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်ပါအခမ်းအနားတွင် ရောဂါဗေဒသုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး ဒေါက်တာခင်မိုးအောင်က သဘာပတိအဖြစ်လည်းကောင်း၊ စီမံခန့်ခွဲရေး ဌာနခွဲမှ ပုံနှိပ်ကျွမ်းကျင်(၂) ဒေါ်ခိုင်ခိုင်ဝင်းက အခမ်းအနားမှူးအဖြစ်လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြ ပါသည်။

အဆိုပါဟောပြောပွဲတွင် ဆေးသုတေသနဦးစီးဌာန(ပြင်ဦးလွင်ရုံးခွဲ) ဗိုင်းရပ်(စ်)ဗေဒ သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး/ဌာနခွဲမှူး ဒေါက်တာအောင်ကျော်ကျော်က “How to Apply WHO Internship Programme” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကပ်ပါးပိုးဗေဒ သုတေသနဌာနခွဲမှ ဓါတ်ခွဲကျွမ်းကျင်(၁) ဒေါ်သီသီ ထွန်းက“Complete Blood Picture” ခေါင်းစဉ်ဖြင့် လည်းကောင်းတင်ပြခဲ့ကြရာ တက်ရောက်လာသူ ဝန်ထမ်း များက သိလိုသည်များကို စိတ်ဝင်စားစွာမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာပညာရှင်များကလည်း ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါဟောပြောပွဲသို့ ညွှန်ကြားရေးမှူးအဖွဲ့ဝင်များအပါအဝင် ဝန်ထမ်း (၇၂)ဦး တက်ရောက်ခဲ့ကြပါသည်။


ပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပခြင်း “Biosafety and Chemical Safety”

၂၀၁၈ ခုနှစ် မတ် ၁၅ ရက် နံနက် ၁၀:၃၀ နာရီတွင် သုတေသနပညာရပ်ဆိုင်ရာဟောပြောပွဲကို ဆေးသု တေသနဦးစီးဌာန အဆင့်မြင့်မော်လီကျူးသုတေသနဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံ Nanova Co., Ltd. မှ ကိုယ်စားလှယ်ယူထားသော စင်္ကာပူနိုင်ငံ ESCO Micro Pte. Ltd. မှ ပညာရှင် ဒေါ်အင်ကြင်းဟေမာန်က “Biosafety and Chemical Safety” ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက သိလိုသည်များကို စိတ်ပါဝင်စားစွာ ဆွေးနွေးမေးမြန်းခဲ့ကြပါ သည်။ အဆိုပါဟောပြောပွဲသို့ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် သုတေသီများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးတက္ကသိုလ်တို့မှ ဖိတ်ကြားထားသူများ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ကြပါသည်။